Buddhism

“အနာဂတ်ဟောကိန်းပါသည့် မိုင်းဖုန်းဆရာတော် မေတ္တာစာ”

“အနာဂတ်ဟောကိန်းပါသည့် မိုင်းဖုန်းဆရာတော် မေတ္တာစာ”
(သာသနာတော်နှစ် ၂၅၆၅ ခု ကဆုန်လပြည့် (၂၅.၅.၂၀၂၁)မိုင်းဖုန်းဆရာတော်၏ မေတ္တာစာ)

နှာ ၁

သားတပည့်များ အမြို့မြို့အနယ်နယ် ရပ်နီး ရပ်ဝေးဒကာဒကာမများအားလုံး သိစေရန် နှုတ်ခွန်းဆက်သပါတယ်။ မိုင်းဖုန်းဆရာတော်လည်း ကျန်းမာစွာဖြင့် တရားဘာဝနာ မေတ္တာဘာဝနာများကာ ဒုက္ခကင်းကွာ ကိုယ်စိတ်နှစ်ဖြာ ငြိမ်းချမ်းလျက်ပါ။

နှာ ၂

အနာရောဂါလည်း ကင်းစင်ပါတယ်။ ကိုယ်စိတ်ပေါ့ပါးပြီး ဝိပဿနာ သတိပဋ္ဌာန်တရား ၄ ပါးအတိုင်း ပွားများနေပါတယ်။ ဘုရားရှင် ဟောဖော်ပြတဲ့ မဇ္ဈိမပဋိပဒါနည်းလမ်းအတိုင်း ကျင့်ကြံပါတယ်။ သတိတရား အမြဲလက်ကိုင်ထား၊ ဘုရားဂုဏ် တရားဂုဏ် သံဃာ့ဂုဏ် မမေ့ဘဲ သဘာဝဓမ္မ သင်္ခါရတရားရဲ့ ဖြစ်ပျက်မှုကို ဉာဏ်ဖြင့်ရှုပါတယ်။

နှာ ၃

လောဘ ဒေါသ မောဟ ဥပါဒါန် မရှိစေဘဲ ဓမ္မပီတိနဲ့အတူ ဗောဓိဉာဏ်ယှဉ်ကာ ဒီတောတောင်ဂူထဲမှာ ငြိမ်းချမ်းစွာ ပါရမီဖြည့်လျက်ပါ။ လောကမှာ တခြား ဘာမှ အတွယ်အတာမရှိ ဘာမှလဲ မလိုချင် ဗောဓိဉာဏ် နိဗ္ဗာန်ကိုသာ ရဖို့ပါ။ မမေ့မလျော့ဘဲ နေ့ရောညပါ တရားနဲ့အတူ မွှေ့လျော်ပါတယ်။ တကယ်လိုချင် ရောက်ချင်တာကတော့ အမတ နိရောဓ နိဗ္ဗာန်ပါပဲ။

နှာ ၎

သင်္ခါရလောက သတ္တလောကကြီးဟာ အမှန်တကယ်ကတော့ ဒုက္ခအတိတွေပါ။ နိုင်ငံတိုင်း အပါအဝင် တလောကလုံး အပူဒုက္ခတွေနဲ့ အဖက်ဖက်က အဝိုင်းခံရတယ်။ မြို့တိုင်း ရွာတိုင်း နိုင်ငံတိုင်း ကပ်ကြီးသုံးပါး ဆိုက်ရောက်တဲ့ ကာလနဲ့ ကြုံကြရတယ်။ ကပ်ရောဂါကြောင့်လဲ လူတွေ သိန်းသန်းချီသေကြရပြီ။ တိုက်ပွဲတွေကြောင့် လူတွေ သေကြေကြရ၊ အငတ်ဘေးကြောင့် လူတွေ သေကြေကြရလို့ ကပ်ကမ္ဘာလောကကို ဆေးကြောနေတဲ့သဘော ဖြစ်နေတယ်။ ဘယ်အရာမဆို သင်္ခါရတရား မမြဲတဲ့ တရားတွေပါပဲ။

နှာ ၅

သင်္ခါရတရားဟာဘယ်ဟာမှ မတည်မြဲဘူး။ ဖြစ်ပြီး ပျက်စီးကြရတာပဲ။ ဖြစ်ခြင်းပျက်ခြင်းဆိုတာ နိယာမတရားပါ။ ဒီလောကကြီးထဲမှာ လူတွေ သတ္တဝါတွေ လောဘကြီးလာရင် အငတ်ဘေးနဲ့ ကြုံပြီး သေကြေပျက်စီးရပါမယ်။ ဒေါသကြီးလာရင် တိုက်ခိုက်မှုတွေ ဖြစ်လာပြီး အချင်းချင်း သတ်ဖြတ်ကာ များစွာ သေကြေကြရတယ်။ မောဟကြီးလာရင် ရောဂါထူပြောကာ သေကြေကြရတယ်။ ဒါတွေဟာ သတ္တဝါတွေရဲ့ ကံကြမ္မာတွေကြောင့်ပါ။

နှာ ၆

ဒါကြောင့် ဘုရားရှင် မိန့်မာတော်မူခဲ့တဲ့အတိုင်း သာသနာတော် တဝက်ကျော်လာရင် ကပ်ကြီးသုံးပါး ဆိုက်ရောက်လိမ့်မယ်၊ လူတွေသတ္တဝါတွေ ရောဂါဘယကြောင့် များစွာ သေကြေကြလိမ့်မယ်။ အမနုဿ သာသနာပက လူတွေ အချင်းချင်း သတ်ဖြတ်ကာ များစွာ သေကြေကြတယ်။ သာသနာတော် ၂၅၇၀ နောက်ပိုင်းမှ ဘုရားလောင်းလို မင်းကောင်းမင်းမြတ်ပေါ်လာပြီး လောကကို တရားနဲ့ ဆုံးမမှ လောကကြီးက အေးချမ်းသာယာမယ်။ ဘေးရန်အပေါင်းမှ လွှတ်မြောက်မယ်။

နှာ ၇

ကောင်းမှုကုသိုလ်တွေ များစွာလုပ်လာကြကာ သာသနာတော် နောက်တခါ ပြန်လည်စည်ပင်ထွန်းကားမယ်။ သာသနာနှစ် ၃၀၀၀၊ ၄၀၀၀၊ ၅၀၀၀ အချိန်မှာတော့ ခက်ခဲတဲ့ ဘေးဒုက္ခတွေ ကြုံတွေ့ရပြီး လူတွေ များစွာ သေကြေပျက်စီးပါမယ်။ ဆုပ်ကပ်ကာလနဲ့ ကြုံတာမို့ လူတွေ သီလမဲ့ကြ၊ မိဘကို မရိုသေ၊ ဆရာသမားကို မကြောက်ရွံ့၊ ဘုရား တရား သံဃာကို မရိုသေတွေ ဖြစ်ကြမယ်။ ကုသိုလ်တရားတွေလည်း မလုပ်တော့ဘဲ အဓမ္မစိတ်တွေ တဖွားဖွားပေါ်ပေါက် ကြီးစိုးသွားမယ်။ လူ့သက်တမ်းကလည်း ၁၀ နှစ်တမ်းအထိ တဖြည်းဖြည်း လျော့ကျသွားမယ်။ အဲဒီအချိန် အချင်းချင်း သတ်ဖြစ်ကာ များစွာသေကြေကြလိမ့်မယ်။ သေကြေပျက်စီးမှု များစွာ မြင်တွေ့ပြီးမှ မေတ္တာစိတ် ရှိလာကာ အသက်တွေ ပြန်ရှည်လာမယ်။ တဖြည်းဖြည်းနဲ့ အသင်္ချေအထိ အသက်ရှည်လာမယ်။

နှာ ၈

ဒီလိုနဲ့ လူ့သက်တမ်း ပြန်လျော့လာပြီး သက်တမ်း တစ်သိန်းမှာ အရိမေတ္တေယျ ဘုရားပွင့်ပါမယ်။ ဒါကြောင့် ဘုရားရှင်ဟောကြားခဲ့တဲ့ တရားတော်ကို ယုံကြည်ကာ မမေ့မလျော့ကြပါနဲ့။ အချိန်တွေကို အလကား မဖြုန်းတီးပါနဲ့။ ပါရမီမြှောက်တဲ့ ကောင်းမှုကုသိုလ်တွေကို နေ့ညမရွေး အမြန်ပြုလုပ်ကြပါ။ သန္တိသုခ နိဗ္ဗာန်ကို ရောက်နိုင်မည့် ဒါန သီလ ဘာဝနာ ဝိပဿနာကို ကြိုးစား အားထုတ်ကြပါကုန်။

နှာ ၉

သူတော်ကောင်း သူမြတ်လောင်းအပေါင်းတို့ ဘုရားရှင် ဖြေကြားပေးခဲ့တဲ့ ကောသလမင်းကြီးရဲ့ အိမ်မက် ၁၆ ချက်ဟာ ခုခေတ်နဲ့ဆိုရင် လွန်စွာမှန်ကန်တယ်နော်။ သာသနာထက်ဝက်ရောက်ရင် ကပ်ကြီးသုံးပါးဆိုက်မယ်။ လွန်စွာကြောက်စရာကောင်းပါတယ်။ ဗုဒ္ဓဘာသာနိုင်ငံကတော့ ဒီဘေးကို ဆိုးရွားစွာ သိပ်မခံရပါဘူး။ သာသနာ နှစ် ၅၀၀၀ အတွင်း ဘုရားအလောင်းတော် ၅ ပါး ပေါ်ရှိကာ သာသနာနှစ် ၅၀၀၀ တိုင်တိုင် ထွန်းလင်းအောင် ထောက်ပံ့ဆောင်ရွက်တော်မူတယ်။

နှာ ၁၀

ပထမထောင်စုမှာ ကွမ်းရွက်ရောင်းသူအဖြစ်၊ ဒုတိယ ထောင်စုမှာ လက်ဖက်ကုန်သည်အဖြစ်၊ တတိယထောင်စုမှာ ဆန်ကုန်သည်အဖြစ်၊ စတုတ္ထထောင်စုမှာ ဆားကုန်သည်အဖြစ်၊ ပဉ္စမထောင်စုမှာ ပန်းကုန်သည်အဖြစ် သာသနာတော် ၅၀၀၀ အထိ ချီးမြှောက်ထောက်ပံ့ပါတယ်။ ဒီတတိယထောင်စုမှာတော့ ကျိုင်းဟိုင်းမှ ဘုရားအလောင်းစစ်သည် ပေါ်ပေါက်လာပြီး ပုဂံမှာ အဆုံးသတ်ပါမယ်။ ဘုရားအလောင်းက စိတ်ညှို့စောင်းတော်ကို တီးခတ်ပါမယ်။ မန္တလေး အရှင်သခင်ပေါ်ပါမယ်။ မဟာမြတ်မုနိဘုရား ခေါ် ရခိုင်ဘုရားကြီး တရားစကားမိန့်တော်မူမယ်။

နှာ ၁၁

အဲဒီအချိန် တိုင်းပြည့် စည်ပင်ထွန်းကား ချမ်းသာကြွယ်ဝမယ်။ မန္တလေးရဲ့ အရှေ့မြောက်တောင်ကြောမှာ အပ္ပန္တရသရက်ပေါ်မယ်။ ကတိသစ္စာစောင့်ထိန်းတဲ့သူ၊ သီလမြဲတဲ့သူ၊ မိဘကို ပြုစုလုပ်ကျွေးတဲ့သူ၊ ရတနာသုံးပါးကို ယုံကြည်တဲ့သူတွေသာ ဒီသရက်သီးကို စားရပါမယ်။ အဲဒီသရက်သီးကို စားရရင် မအို မနာ မသေဖြစ်ပါမယ်။ (သွယ်ဝှိုက်ဟောစာတမ်းဖြစ်သဖြင့် အမှန်ကို ဆင်ခြင်ယူကြပါကုန်)

နှာ ၁၂

အချိန်တွေ သံလွင်မြစ်လို မရပ်မနား တသွားတည်းသွားရင်း ဆရာတော် အဓိဋ္ဌာန်ဝင်လာတာ ၂ နှစ်ပြည့်သွားပါပြီ။ မကြာခင်မှာ ၃ နှစ်ပြည့်ပါတော့မယ်။ ဆရာတော်ရဲ့ သက်တော်လည်း ၅၈ နှစ်ထဲ ဝင်ရောက်လာပါပြီ။ တဖြည်းဖြည်းနဲ့ အိုအိုသွားပါပြီ။ မကြာခင် ၆၀ ပြည့်ပါတော့မယ်။ သင်္ခါရတရားအရ အိုအိုသွားရတယ်။ နောက်ထပ် ဘယ်လောက်နေရမလဲဆိုတာ မသိနိုင်ဘူး။ ကုသိုလ်ကံပေးသလောက် နေရပါမယ်။ ဂူထဲမှာနေရင်း ဘာမှ သိပ်မလုပ်ဖြစ်ဘူး။ တရားစာအုပ် ၁၉ အုပ် ၂၀ အုပ်လောက်ပဲ ရေးဖြစ်တယ်။ ဗုဒ္ဓါနုဿတိပွားနိုင်ရန်အတွက် ဘုရားပုံတော်တွေ ရေးသားပြီး အများပူဇော်နိုင်အောင် ဝေငှပါတယ်။ အလှူရှင်များကို ကျေးဇူးဆပ်တဲ့အနေနဲ့ပါ။

နှာ ၁၃

မိုင်းဆတ် မိုင်းကျက် မိုင်းပူးအွန် မိုင်းပူးလုံ မိုင်းပျဉ်း တုံတာ ကျိုင်းတုံ တာချီလိတ် မိုင်းဖုန်း မိုင်းတုမ်း တောင်ကြီး လားရှိုး ရန်ကုန် မန္တလေး ရွှေလီ စတဲ့ အနယ်နယ်အရပ်ရပ်မှ တပည့်ဒကာဒကာမအပေါင်းတို့ စေတနာ သဒ္ဓါထက်သန်စွာဖြင့် ဆရာတော်ရဲ့ ပါရမီကို ကူညီဖြည့်တဲ့အတွက် အားလုံး ကုသိုလ်ထူးလှပါတယ်။ ဖြူစင်ကြပါစေ။ ငြိမ်းချမ်းကြပါစေ။ တရားနဲ့ပျော်နိုင်ကြပါစေ။

နှာ ၁၄

ပြည့်ဝကြပါစေ။ ၂ ဖြာသော လောကီ လောကုတ္တရာဖြစ်တဲ့ လူချမ်းသာ နတ်ချမ်းသာ နိဗ္ဗာန်ချမ်းသာကို ဆုတောင်းပတ္တနာပြုပေးတဲ့အတိုင်း ပြည့်ဝကြပါစေ။ နိဗ္ဗာနဿ ပစ္စယော ဟောတု သာဓု သာဓု သာဓု။
တရားသည် ဝေနေယျသတ္တဝါတွေကို ဒုက္ခအပေါင်းမှ လွှတ်မြောက်စေတယ်။ မေတ္တာတရား သီလတရား ဓမ္မတရား ရှိတဲ့သူတွေဟာ နိဗ္ဗာန်ရဲ့ အေးငြိမ်းမှုကို ရရှိခံစား၏။

နှာ ၁၅

မေတ္တာစိတ်ရှိရင် သတ္တဝါမှန်သမျှ ချစ်ခင်မြတ်နိုးတယ်။
အချိန်တွေ ကုန်ဆုံးသွားတယ်ဆိုတာ သေခြင်းကို နီးလာစေခြင်းပါ။
အချိန်တွေ ကုန်ဆုံးသွားတာနဲ့ အိုခြင်း နာခြင်း သေခြင်းတွေ ပေါ်လာတော့တယ်။
ကိုယ့်သေတွင်းကို ကိုယ်မတူးနဲ့၊ မြွေဟောက်ကို ခါးပိုက် မဆောင်နဲ့။
လောဘ ဒေါသ မောဟ အဝိဇ္ဇာကင်းအောင်နေမှ နိဗ္ဗာန်နဲ့ နီးမယ်။
မွေးဖွားလာပြီး ဆိုကတည်းက အိုခြင်း နာခြင်း သေခြင်းနဲ့ ကြုံရမှာ မလွှဲဘူး အချိန်ကာလ အလဟသ မနေကြနဲ့။

နှာ ၁၆

သီလ သမာဓိ ပညာရှိရင် ဒုက္ခနဲ့ မတွေ့ရတော့ပါ။
စိတ်ထဲမှာ ဘုရားဂုဏ်တော် ပွားနေရင် ဘေးရန်ကင်းကာ ချမ်းသာရပါတယ်။
မနေတတ် မထိုင်တတ်ရင်တော့ ဒုက္ခပင်လယ်ဝေပါမယ်။
နေတတ် ထိုင်တတ်ရင် ဒုက္ခမှ ကင်းကွာပါတယ်။ နိဗ္ဗာန်ကို ရောက်နိုင်ပါတယ်။
ရုပ်နာမ်သင်္ခါရတရားရဲ့ ဖြစ်ပျက်မှုကို မရှုမြင်ရင် နေလာသမျှ သက်တမ်းဟာ အရှုံးပါပဲ။
ရုပ်နာမ်သင်္ခါရတရားရဲ ဖြစ်ပျက်မှုကို သိမြင်ရင်တော့ တန်ဖိုးမဖြတ်နိုင်တော့ပါဘူး။
တရားကို မြင်သောသူသည် ဘုရားကို မြင်၏။
တရားကို မမြင်သောသူသည် ဘုရားကို မမြင်။
သတိတရားနဲ့ နှလုံးသွင်းတတ်ရင် နိဗ္ဗာန်ခရီးးက မဝေးပါဘူး။
တရားအားလုံးရဲ့ အနှစ်ချုပ်ကတော့ အပ္ပမာဒ မမေ့မလျော့ခြင်း သတိပါ။
မိုင်းဖုန်းဆရာတော်၏ မေတ္တာစာကို တောင်တန်းသာသနာပြု ဆရာတော် အရှင်သုခမိန္ဒ (စဝ်ဆုခမ်း တန့်ယန်း) လွယ်တိန်ခမ်းကျောင်း မူဆယ်မှ တာဝန်ယူ တာဝန်ခံ ဘာသာပြန်ပေးခြင်းဖြစ်တယ်။
သက်ရှည်ကျန်းမာ ဘေးရန်ကွာ လိုရာဆန္ဒပြည့်ဝကြပါစေ။

Source -SaoSuKham

အပြည့်အစုံဖတ်ရန်