သင် ညဘက်ကောင်းကောင်းအိပ်ပျော်စေဖို့ ဒီလိုအလေ့အကျင့်တွေ လုပ်ပါ

ညဘက်အိပ်ရေးမဝခြင်းက သင့်ရဲ့ကျန်းမာရေး၊ ရုပ်ရည်နဲ့ ဘဝအရည်အသွေးကိုပါ ထိခိုက်စေနိုင်ပါတယ်။ သို့သော်လည်း အရွယ်ရောက်သူ ၃၅ရာခိုင်နှုန်းဟာ တစ်ညကို ၇နာရီထက်နည်းပြီး အိပ်စက်လေ့ရှိကြပါတယ်။ စိုးရိမ်ပူပန်မှုတွေ၊ စိတ်ဖိစီးမှုတွေက သင့်ဦးနှောက်ကို ရှုပ်ထွေးစေပြီး အိပ်ရေးမဝတဲ့ညတွေ များလာနိုင်ပါတယ်။ ဒါ့ကြောင့် ပိုမိုကောင်းမွန်စွာ အိပ်စက်နိုင်ဖို့ ကျွန်မတို့နေ့စဉ် လုပ်ဆောင်နိုင်မယ့် အလေ့အကျင့်ကောင်းတချို့ကို မျှဝေပေးလိုပါတယ်။

၁။ အိပ်ရာထဲကို ချက်ချင်းမဝင်ပါနဲ့

မအားလပ်တဲ့ တစ်နေ့တာရဲ့အဆုံးမှာ သင်အဖြစ်ချင်ဆုံးကတော့ အိပ်ရာပေါ်ပစ်လဲလိုက်ပြီး အိပ်ပစ်လိုက်ဖို့ ဖြစ်မှာပါ။ ဒါပေမယ့် ညနေခင်းအနားယူတဲ့ဓလေ့ကို ဖန်တီးတာက သင့်ဦးနှောက်ကို နေ့နဲ့ ညကြားမှာ နေရာလွတ်တစ်ခုပေးပြီး မြန်မြန်အိပ်ပျော်စေဖို့ ကူညီပါလိမ့်မယ်၊ သင့်ရဲ့ပုံမှန်အိပ်ချိန်မှာ အိပ်ရာမဝင်ခင် ရေနွေးနွေးနဲ့ ရေချိုးတာ၊ စာအုပ်ကောင်းတစ်အုပ်ဖတ်တာ၊ snack တစ်ခုခုစားတာ ပါဝင်နိုင်ပါတယ်။ ညခင်းဓလေ့တွေက ရှုပ်ထွေးစရာမလိုပါဘူး၊ သင့်စိတ်ကို အေးချမ်းစေမယ့် အရာတစ်ခုကို ရွေးလိုက်ရုံနဲ့ သင့်ကိုပိုပြီး သက်တောင့်သက်သာဖြစ်စေမှာပါ။

၂။ အိပ်ရာမဝင်ခင် black tea မသောက်ပါနဲ့

Herbal teas တွေက သူတို့ရဲ့ စိတ်ငြိမ်စေသော သက်ရောက်မှုတွေကြောင့် လူသိများပြီး အိပ်မပျော်ခြင်းကို ကုသဖို့ နှစ်ပေါင်းများစွာ သုံးလာခဲ့ကြပါတယ်။ ချာမိုမိုင်း (သို့) လာဗင်ဒါကဲ့သို့သော လက်ဖက်ရည်များစွာက သင့်ကို သက်တောင့်သက်သာဖြစ်စေပြီး အိပ်စက်မှုအရည်အသွေးကို တိုးတတ်စေနိုင်တယ်ဆိုပါတယ်။ Black tea မှာက ကဖိန်းဓါတ်မြင့်မားတာကြောင့် အိပ်မပျော်ခြင်းနှင့် ရင်တုန်ခြင်းကို ဖြစ်စေပါတယ်။

၃။ စောင်အမျိုးအစား ရွေးချယ်ရာမှာ သတိပြုပါ

စောင်မပါဘဲ အိပ်မပျော်နိုင်ဘူးဆိုပေမယ့် ညဘက်ကောင်းကောင်းအိပ်ပျော်ဖို့အတွက် မှန်ကန်တဲ့ စောင်တစ်ထည်ကို ရွေးချယ်ခြင်းကလည်း အရေးကြီးပါတယ်။ polyester နဲ့ပြုလုပ်ထားတဲ့ စောင်တွေက လျှော်ရလွယ်၊ ဂရုစိုက်ရလွယ်တယ်ဆိုပေမယ့် သူတို့က ကောင်းမွန်စွာ အိပ်ပျော်စေဖို့အတွက် ရွေးချယ်မှုကောင်းမဟုတ်ပါဘူး။ polyester ဟာ synthetic material တစ်ခုဖြစ်ပြီး လေဝင်လေထွက် မကောင်းသလို ခန္ဓာကိုယ်အပူချိန်ကို ထိန်းညှိပေးမှာ မဟုတ်ပါဘူး။ ချွေးထွက်ပြီး ပူသလိုခံစားရစေပါတယ်။ polyester စောင်တစ်ထည်ကို ဝယ်မယ့်အစား သိုးမွေး၊ ချည်တို့နဲ့ ပြုလုပ်ထားတဲ့ စောင်ကို ရွေးချယ်ပါ။

၄။ လေ့ကျင့်ခန်းလုပ်ချိန် မနောက်ကျပါစေနဲ့

လေ့ကျင့်ခန်းလုပ်တာက စိတ်ကို relax ဖြစ်စေပြီး စိုးရိမ်စိတ်တွေကို ပြေပျောက်စေပါတယ်။ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေပါတယ်။ သို့သော် လေ့ကျင့်ခန်းလုပ်ချိန် နောက်ကျလွန်းတာက ကောင်းကျိုးထက် ဆိုးကျိးပိုများပြီး သင့်ရဲ့ကောင်းမွန်စွာ အိပ်စက်ခြင်းကို ထိခိုက်စေပါတယ်။ အိပ်ရာဝင်ချိန် တစ်နာရီအတွင်း အားကစားလုပ်တာက ခန္ဓာကိုယ်အပူချိန်မြင့်တတ်လာတဲ့အတွက် သင့်ကို အိပ်ရာထဲမှာ လူးလွန့်စေပြီး ညဘက်တွေမှာ နိုးစေနိုင်ပါတယ်။ သင်က ညဇီးကွက်ဖြစ်ပြီး ညဘက်မှာ လေ့ကျင့်ခန်းလုပ်ရတာကို နှစ်သက်ရင် အိပ်ရာမဝင်ခင် အနည်းဆုံး ၄နာရီလောက်မှာ သိပ်မပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေ လုပ်ပါ။

၅။ နံနက်စာစားပါ

မနက်စာကို တစ်နေ့တာရဲ့ အရေးအကြီးဆုံးအစားအစာလို့ ခေါ်ကြပါတယ်။ အလုပ်များတဲ့ မနက်ခင်းတွေမှာ အချိန်မရှိလို့ မနက်စာ မစားသွားတာက သင့်ကိုယ်အလေးချိန်နဲ့ အာရုံစူးစိုက်နိုင်စွမ်းကို ထိခိုက်စေရုံသာမက အိပ်စက်မှုအရည်အသွေးကိုလည်း ထိခိုက်စေပါတယ်။ နံနက်စာ ပုံမှန်မစားတဲ့သူတွေဟာ အိပ်ရေးမဝခြင်းနဲ့ မူးဝေခြင်းကို ခံစားရနိုင်ချေ ပိုများပါတယ်။

၆။ ချည်သား pajamas လေးတွေဝတ်ပါ

ညဘက်မှာ ကိုယ်အကြိုက်ဆုံး ညအိပ်ဝတ်စုံတွေဝတ်ပြီး အိပ်ရာဝင်တာက ပိုဆွဲဆောင်မှုရှိပုံရပါတယ်။ ဒါပေမယ့် တစ်ချို့ညအိပ်ဝတ်စုံတွေက သင့်အတွက် အရမ်းပူလွန်းပြီး အိပ်စက်မှုကို အနှောက်အယှက်ဖြစ်စေနိုင်ပါတယ်။ ကိုယ်ခန္ဓာအပူချိန် အနည်းငယ်ကျဆင်းသွားမှသာ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်စေမှာပါ။ ဒါ့ကြောင့် linen (သို့) cotton ကဲ့သို့သော လေဝင်လေထွက်ကောင်းပြီး သဘာဝချည်တွေနဲ့ ချုပ်လုပ်ထားတဲ့ ညအိပ်ဝတ်စုံမျိုးကို ရွေးချယ်ပါ။

၇။ အိပ်ခန်းထဲမှာ ကောဇောတွေ မထားပါနဲ့

ကော်ဇောတွေက ဘယ်အခန်းကိုမဆို နွေးထွေးပြီး သက်တောင့်သက်သာ ဖြစ်စေပေမယ့် ညအိပ်စက်အနားယူချိန်နှင့် ပတ်သတ်လာရင် အကောင်းဆုံးရွေးချယ်မှု မဟုတ်ပါဘူး။ ကော်ဇောတွေနဲ့ ခြေသုတ်ခုံတွေက ဖုန်မှုန့်နဲ့ ပိုးမွှားတွေကို အလွယ်တကူ ဖမ်းယူနိုင်ပြီး အန္တရာယ်ရှိတဲ့ ဘက်တီးရီးယားတွေအတွက် ပြီးပြည့်စုံသော မွေးမြူရေးစခန်းဖြစ်စေပါတယ်။ လေ့လာမှုတွေအရ အိမ်တွင်းလေထုအရည်အသွေးက သင့်ရဲ့အိပ်စက်ခြင်းအတွက် အရမ်းအရေးကြီးကြောင်းနဲ့ နောက်နေ့ စွမ်းဆာင်ရည်ကိုတောင် ထိခိုက်စေနိုင်တယ်လို့ ပြသခဲ့ပါတယ်။