အာဆီယံအထူးကိုယ်စားလှယ်နှင့် ဒေါ်အောင်ဆန်းစုကြည်ကိုတွေ့ခွင့်မပေးရသည့်အပေါ် ဥပမာတစ်ခုဖြင့် ဇော်မင်းထွန်းဖြေရှင်း

လာဘ်စားမှုရင်ဆိုင်နေရသည့် ဂျပန်ဝန်ကြီးတစ်ယောက်ကို အခြားနိုင်ငံကတွေ့ခွင့်တောင်းလျှင် ပေးပါမည်လားဟု ဂျပန်ကို ဗိုလ်ချုပ်ဇော်မင်းထွန်းမေးခွန်းထုတ်

ဂျပန်မှ လာဘ်စားမှုနှင့်ရင်ဆိုင်နေရသည့် ဝန်ကြီး (သို့မဟုတ်) လွှတ်တော်အမတ်ကိုအခြားနိုင်ငံက တွေ့ခွင့်တောင်းလျှင် ဂျပန်အစိုးရက တွေ့ခွင့်ပေးပါမည်လားဟု စစ်ကောင်စီ ပြန်ကြားရေးခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ဂျပန်ကိုမေးခွန်းထုတ်လိုက်သည်။

ဂျပန်သတင်းစာ Mainichi Shibun ၏ ဒေါ်အောင်ဆန်းစုကြည်နှင့် အာဆီယံအထူးကိုယ်စားလှယ် မစ္စတာ Erywan Yusof ကို ဘာကြောင့်တွေ့ခွင့်မပေးနိုင်တာလဲ ဆိုသည့်မေးခွန်းကို ဗိုလ်ချုပ်ဇော်မင်းထွန်းက မေးခွန်းဖြင့် ပြန်လည်ဖြေဆိုခဲ့ခြင်းဖြစ်သည်။

“အမေးနဲ့ပဲ ပြောလိုပါတယ်။ ဂျပန်မှ ဝန်ကြီးချုပ်တစ်ယောက် (ဝန်ကြီးတစ်ယောက်၊ လွှတ်တော်အမတ်တစ်ယောက်) လာဘ်စားမှု (ဒါမှမဟုတ်) အမှုတစ်ခုခုနဲ့ ရင်ဆိုင်နေရတဲ့အချိန်မှာ အခြားနိုင်ငံတစ်ခုက တွေ့ခွင့်တောင်းရင် ခင်ဗျားတို့အစိုးရက တွေ့ခွင့်ပေးပါသလားလို့ပဲ ပြောလိုပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ဖြေဆိုခဲ့ခြင်းဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်ကတော့ စစ်ကောင်စီက တရားစွဲဆိုထားသည့် အဂတိအမှုနှင့်ပတ်သက်၍ တရားလိုပြသက်သေများ၏ ထွက်ဆိုချက် အခြေအမြစ်မရှိကြောင်း ပြောဆိုထားသည်။

ဦးဝင်းမြင့်ကလည်း ၎င်းအားစွဲထားသည့် ၅၀၅-ခ အမှုနှင့်ပတ်သတ်၍ အခြေအမြစ်မရှိကြောင်း တရားခွင်တွင် ထွက်ဆိုထားသည်။

အာဆီယံအထူးကိုယ်စားလှယ်သည် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ခွင့်ပေးရန်တောင်းဆိုထားသော်လည်း စစ်ကောင်စီဘက်က တွေ့ခွင့်မပေးနိုင်ကြောင်း ပြတ်ပြတ်သားသားငြင်းဆိုထားသည်။

မနေ့ကလည်း နိုင်ငံရေးပါတီအချို့နှင့် နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးတွင် တွေ့ဆုံရန် စီစဉ်ခဲ့သော်လည်း ခရီးစဉ်ပျက်သွားခဲ့ပြီး အရေးကြီးပုဂ္ဂိုလ်နှစ်ဦးဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးဝင်းမြင့်ကိုတွေ့ခွင့်မပေးခြင်းသည် ခရီးစဉ်ပျက်သွားခဲ့ရခြင်း၏ အကြောင်းတစ်ရပ်အဖြစ် နိုင်ငံရေးပါတီတစ်ချို့မှတာဝန်ရှိသူများကဆိုကြသည်။

အာဆီယံ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် အနေဖြင့် ယနေ့တွင် မြန်မာနိုင်ငံသို့ရောက်လာပြီးနိုင်ငံရေးပါတီများနှင့် တွေ့ဆုံမည်ဟုလည်း သတင်းများထွက်နေသည်။

Burma Associated Press