Buddhism

ရဟန္တာဖြစ်လျက် ဆွမ်းတစ်နပ်မှ ဝအောင် ဘုန်မပေးခဲ့ရတဲ့ လောသကတိဿ မထေရ် အကြောင်း

လောသကတိဿသည် သာဝတ္ထိမြို့ထဲတွင်လှည့်လည်တောင်းသော်လည်း ရှေးယခင်ဘဣဿာ မစ္ဆရိယဓာတ်ခံကြောင့် ပေးမည့်ကျွေးမည့်သူ တစ်ယောက်မျှ မရှိပေ။ အိမ်နောက်ဖေးတွင်အိမ်ရှင်မများလှမ်းပက်ထားသော အိုးဆေးရေ ခွက်ဆေးရေများထဲမှ တမင်းစေ့ကလေးများကို တစ်စေ့ချင်း လိုက်ကောက်စားကာ အသက်ဆက်ရရှာ၏။တစ်နေ့တွင် အရှင်သာရိပုတ္တရာက တွေ့ပြီး ရှင်သာမဏေ ဝတ်ပေးလိုက်၏။ ထိုမှတစ်ဆင့် ရဟန်ဘဝသို့ ရောက်ကာ ရဟန္တာပင် ဖြစ်သွားလေ၏။

ရဟန္တာ ဖြစ်သွားသော်လည်း ဆွမ်းတစ်နပ်မျှ ဝအောင်မစားရပေ။ရဟန်းငါးရာ အတူတူ ဆွမ်းခံစီတန်းကြွရာ၌ သူ့အလှည့်ရောက်လျှင် ဆွမ်းလောင်းမည့်သူ၏ ဆွမ်းအုပ်ထဲမှ ဆွမ်းများသည် ပျောက်သွားကြ၏။ သူ့အလှည့်ကျော်ပြီး နောက်တစ်ပါးအလှည့်ရောက်မှ ဆွမ်းအုပ်ထဲမှ ဆွမ်းများသည် ပြန်ပေါ်လာ၏။ ထိုကဲ့သို့သော အဖြစ်ဖြင့် “လောသကတိဿ မထေရ်”ရဟန္တာဖြစ်သော်လည်း ဆွမ်းတစ်နပ်မှ ဝအောင် မဘုဉ်းပေးရခြင်း ဖြစ်၏။

အဟာရ မမျှတမှုကြောင့် “လောသကတိဿ မထေရ်” သည် အသက်အရွယ်ငယ်ငယ်မှာပင်ပရိနိဗ္ဗာန် စံရမည့်နေ့သို့ ရောက်ခဲ့၏။ အရှင်သာရိပုတ္တရာသည် သူ့တပည့်ကို ပရိနိဗ္ဗာန်စံမည့်နေ့တွင် ဆွမ်းတစ်နပ်တော့ ဝအောင်ဘုဉ်းပေး သွားပါရစေဟူသော စေတနာဖြင့် လောသကတိဿမထေရ်ကိုခေါ်ကာ နှစ်ပါးအတူ ဆွမ်းခံသွားကြ၏။အံ့သြစရာ ကောင်းပေစွ။

“လောသကတိဿမထေရ်” ပါသောကြောင့်အဂ္ဂသာဝကဖြစ်သောအရှင်သာရိပုတ္တရာကိုပင် ဆွမ်းလောင်းမည့်သူ တစ်ယောက်မျှ မရှိတော့ပေ။ ထိုကြောင့်လောသကတိံမထေရ်ကို ကျောင်းပြန်ခိုင်းပြီး တစ်ပါးတည်း ဆွမ်းခံကြွရ၏။ တစ်ပါးတည်းပြန်ကြွသောအခါတွင်ကားလောင်းလှူမည့်သူများ ပုံထပ်နေ၏။

အရှင်သာရိပုတ္တရာက ကျောင်းသို့ ဆွမ်းစားအမီ ပြန်ကြွမည်ပြုရာ ဒကာ၊ ဒကာမများကအိမ်မှာပင် ဆွမ်းဘုဉ်းပေးခိုင်းပြီး “လောသကတိဿမထေရ်” အတွက် သပိတ်ထဲတွင်ဆွမ်းဘောဇဉ်အဟာရများထည့်၍ ဒကာတစ်ယောက်အား ကျောင်းသို့အပို့ ခိုင်းလိုက်၏။ ဒကာသည်“လောသကတိဿ မထေရ်” ကိုမေ့လျော့ကာ ဆွမ်းခဲဖွယ်များကို လမ်းမှာပင် စားပစ်လိုက်၏။

အရှင်သာရိပုတ္တရာ ကျောင်းသို့ ပြန်ရောက်သောအခါ ဆွမ်းစားကျောင်းဆောင်ထဲတွင်တစ်ပါးတည်း ထိုင်စောင့်လျက် ရှိသော “လောသကတိဿမထေရ်” ကို တွေ့ရသဖြင့် မေးမြန်းရာဆွမ်းမသုံးရသေးကြောင်း သိသွား၏။ နေကိုကြည့်သောအခါ မွန်းလွဲသွားပြီ ဖြစ်ကြောင်း တွေ့ရ၏။ထို့ကြောင့် သပိတ်ပိုက်ပြီး ကောသလမင်းကြီး၏ နန်းတော်ထဲသို့ သွားရပ်၏။မွန်းလွဲနေပြီ ဖြစ်သောကြောင့် ကောသလမင်းကြီးက ညပိုင်းတွင်သုံးဆောင်မှီဝဲရသော စတုမဓုဆေးများကို လောင်းလှူလိုက် ၏။

အရှင်သာရိပုတ္တရာ မထေရ်မြတ်ကြီးသည် ကျောင်းသို့အလျင်အမြန်ပြန်ကြွလာကာ စတု မဓုသပိတ်ကို ပိုက်ထားပြီး “လောသကတိဿမထေရ်” အားလက်ဖြင့်နှိုက်ယူကာဘုဉ်းပေး စေ ၏။ “လောသကတိဿမထေရ်” လက်ထဲ သပိတ်ကိုထည့်ပေးလိုက်လျှင်စတုမဓုများ ပျောက်သွားမည် စိုးသောကြောင့် ကိုယ်တော်တိုင် သပိတ်ကို ပိုက်ထားခြင်း ဖြစ်၏။ ထိုစတုမဓုကိုဘုဉ်းပေးပြီးပရိနိဗ္ဗာန် ဝင်စံရ၏။ ။

ဒါကြောင့်မို့ မိမိတို့တစ်တွေလည်း ဣဿာ၊ မစ္ဆရိယ ကင်းစွာဖြင့်စားဝတ်နေရေးအတွက် သွားလာ ရုန်းကန်ရင်း ကိုယ့်ထက်သာတဲ့သူအပေါ်ဝမ်းမြောက်ဝမ်းသာ မုဒိတာ ဖြစ်ပြီး ကိုယ့်အောက်နိမ့်သူအပေါ် သနား ဂရုဏာ ထားနိုင်ကာတစ်ဆင့်ပြီးတစ်ဆင့် ရရောက်နိုင်တဲ့ မဂ်ဉာဏ်၊ ဖိုဉာဏ် နိဗ္ဗာန်ကို မျက်မှောက်ပြုခံစားနိုင်ကြတဲ့ သူတော်ကောင်းတွေ ဖြစ်ကြပါစေ။ ။

{မေတ္တာရှင်(ရွှေပြည်သာ) ၏ မေတ္တာဖြင့်စီးပွားရှာခြင်းမှ ကောက်နုတ်ရေးသားပါသည်။}

မူရင်း ပူဇော်မျှဝေသူ – ဦးသိန်းဝေ ဓမ္မဒါန

Credit – ဥတ္တရအလင်း

error: