KnowledgeBuddhism

ပုဂံရောက်ရင် မဖြစ်မနေ သွားရောက်လည်ပတ်သင့်သော တန်ခိုးကြီးဘုရား ၁၀ ဆူ 🙏🥰

ပုဂံရောက်ရင် မဖြစ်မနေ သွားရောက်လည်ပတ်သင့်သော တန်ခိုးကြီးဘုရား ၁၀ ဆူ 🙏🥰

ခရီးတွေပြန်လည်ထွက်ခွင့်ရရင် အရင်ဆုံး ပုဂံသွားမဲ့သူတွေရှိလား? 🤔 ဒီတစ်ခေါက်မှာတော့ ပုဂံရောက်ရင် မဖြစ်မနေ လည်ပတ်သင့်တဲ့ တန်ခိုးကြီးဘုရားတွေနဲ့ ဘုရားတွေမှာရှိတဲ့ လေ့လာသင့်တဲ့ အကြောင်းအရာလေးတွေကို ဖော်ပြပေးလိုက်ပါတယ် 🤩

(၁) အာနန္ဒာဘုရား

သရပါတံခါးရဲ့ အရှေ့တောင်ဘက်တွင်တည်ရှိပြီး ပုဂံဒေသမှ ထင်ရှားသောဘုရားပုထိုးများအနက် တစ်ဆူအပါအဝင်ဖြစ်ပါတယ်။ အာနန္ဒာဘုရားတွင် အကောင်းမွန်ဆုံးနှင့်ရှေးမြန်မာ့ဗိသုကာပညာရဲ့ အပြောင်မြောက်ဆုံးသော လက်ရာကို တွေ့နိုင်ပြီး ကျန်စစ်သားမင်းတရားကြီးမှ အေဒီ ၁၀၉၁ ခုနှစ်တွင် တည်ဆောက်ခဲ့ပါတယ် အလယ်မဏ္ဍိုင်ကြီးရဲ့ ပတ်လည်လေးဘက် လေးမျက်နှာ၌ မတ်ရပ်ဆင်းတုတော်ကြီး တစ်ဆူစီ ရှိပြီး ဉာဏ်တော်မှာ (၁၀) မီတာအမြင့်ရှိပါတယ် အတွင်း လိုဏ်ပတ်လမ်းများထဲတွင် ပန်းတမော့ပညာဖြင့် အလှဆင်ထားသော ဗုဒ္ဓဝင်အခန်းပေါင်း၈ဝ ကိုလည်းကောင်း မုခ်ဦးအထွက် လေးဘက်လေးမျက်နှာတို့၌ ဘုရားအလောင်း ပဋိသန္ဓေ နေတော်မူဟန်၊ ဖွားမြင် တော်မူဟန်၊ ပရိနိဗ္ဗာန်ပြုတော်မူဟန်စသော ဗုဒ္ဓဝင်လာအခန်းများကို လည်းကောင်းတွေ့ရှိနိုင်မှာဖြစ်သောကြောင့် သွားရောက်လေ့လာကြည့်သင့်သော နေရာတစ်ခု ဖြစ်ပါတယ်🤩

(၂) ရွှေစည်းခုံစေတီ

ပုဂံမြို့ဟောင်းရဲ့ အရှေ့မြောက်ဘက် လေးမိုင်ခန့် ဝေးသော ညောင်ဦးမြို့တွင် တည်ရှိပါတယ်။ အနော်ရထာမင်းကြီးမှ စတင်တည်ထားကိုးကွယ်တော်မူခဲ့ပြီး ကျန်စစ်သားမင်းကြီးမှ အေဒီ (၁၁၀၂) ခုနှစ်မှာ အပြီးသတ်တည် တော်မူခဲ့ပါတယ်။ ရွှေစည်းခုံစေတီအောက်ခြေမှာ ပစ္စယံသုံးဆင့်ရှိပြီး ပစ္စယံသုံးဆင့်အထက်မှာ ရှစ်ထောင့်ကြာဝန်း ကျည်းဝန်း၊ ခေါင်းလောင်းပုံ၊ ရင်စည်း၊ သပိတ်မှောက်၊ ဖောင်းရစ် အဆင့်ဆင့်၊ ကြာမှောက်၊ ရွဲ၊ ကြာလန်၊ ထီးအဆင့်ဆင့်ဖြင့် တည်ဆောက်ထားတယ်လို့လည်း သိရှိရပါတယ်။ စေတီတော်ကြီးရဲ့ ပစ္စယံသုံးဆင့် ဘေးပတ်လည်မှာ စဉ့်စိမ်းသုတ် အုတ်ချပ်များဖြင့် ပြုလုပ်ထားတဲ့ (၅၅၀) နိပါတ်တော်များကို လေ့လာတွေ့ရှိနိုင်ပါတယ်။ 🥰

(၃) ဓမ္မရံကြီးဘုရား

ပုဂံရဲ့ ထုထည်အကြီးမားဆုံးဘုရားတစ်ဆူဖြစ်တဲ့ ဓမ္မရံကြီးဘုရားကို နရသူမင်းကြီး မှ အေဒီ (၁၁၇၀)ခုနှစ်တွင် တည်ထားတော်မူခဲ့ပါတယ် ။
ဓမ္မရံကြီးဘုရားကြီးအား အပြီးသတ် တည်ထားကိုးကွယ်နိုင်ခြင်း မရှိသော်လည်း ပုဂံခေတ်၏ အကောင်းဆုံး အုတ်စီလက်ရာကို တွေ့မြင်နိုင်ပါတယ် အုတ်စီလက်ရာ ကောင်းမွန်သည့်အတွက် အုတ်တစ်ချပ် နှင့် တစ်ချပ်အကြား အပ်ထိုး၍ မရနိုင်အောင် စေ့စပ်သေချာလှသည်ကိုလည်း တွေ့ရှိနိုင်ပါတယ်။

(၄) စူဠာမုဏိဘုရား

ဓမ္မရံကြီးဘုရားအလွန်၊ ပုဂံရဲ့ အရှေ့တောင်ဘက် (၁) မိုင်ခန့်တွင် တည်ရှိပြီး နရပတိစည်သူမင်းမှ အေဒီ (၁၁၈၃) ခုနှစ်တွင် တည်ထားတော်မူခဲ့ပါတယ် စူဠာမဏိဘုရားကြီရဲ့ လိုဏ်ဂူဟာနှစ်ထပ်လိုဏ်ဂူ ဖြစ်ပြီး အတွင်းစင်္ကြ ပေါင်းကူးနံရံများ၌ ပုဂံခေတ်ဆေးရေးပန်းချီများကို တွေ့နိုင်ပါတယ်။ အချို့သောနေရာများတွင် ကုန်းဘောင်ခေတ် နံရံပန်းချီများ ထပ်မံရေးဆွဲထားသည်ကို တွေ့မြင်ရမှာဖြစ်ပြီး အပြင်ဘက် နံရံများပေါ်တွင် ကနုတ်ပန်းများ၊ ပုလဲကုံးများ၊ ဘီလူးပန်းဆွဲ၊ တိုင်ဖုံးစုလစ်ပန်း၊ တံကဲပန်းများစသည့် ပုဂံခေတ် အင်္ဂတေပန်းတော့ လက်ရာများကိုလည်း လေ့လာတွေ့ရှိနိုင်ပါတယ်။

(၅) သဗ္ဗညုဘုရား

ပုဂံမြို့နန်းမြို့ရိုးရဲ့ အရှေ့တောင်ဘက်ထောင့်တွင် တည်ရှိပြီး ကျန်စစ်သားမင်းကြီး၏ မြေးတော်ဖြစ်သော အလောင်းစည်သူမင်းတရားကြီးမှ အေဒီ (၁၁၄၄) ခုနှစ်တွင် တည်ထားတော်မူခဲ့ခြင်းဖြစ်ပါတယ်။ သဗ္ဗေညုဘုရားကြီးသည် ပုဂံတွင် ဉာဏ်တော်အမြင့် ဆုံးဘုရားဖြစ်ပြီး မြေပြင်အထက် (၆၁) မီတာအမြင့်ရှိသည်ဟု သိရှိပါတယ်။

(၆) လောကနန္ဒာဘုရား

ဧရာဝတီမြစ်ကမ်းပေါ်ရှိ တောင်ကုန်းထိပ်ပေါ်တွင် တည်ရှိပြီး စွယ်တေ်ာလေးဆူအနက် တစ်ဆူအပါအဝင်ဖြစ်ပါတယ်။ အနော်ရထာမင်းကြီးမှ အေဒီ (၁၀၅၉) ခုနှစ်တွင် တည်ထားကိုးကွယ်တော်မူခဲ့ပြီး ဧရာဝတီမြစ်အရှေ့ဘက်ကမ်းမှ ညနေဆည်းဆာ အလှကြည့်ရှုခံစားရန် မဖြစ်မနေ သွားရောက်လည်ပတ်သင့်တဲ့ နေရာတစ်ခုလည်းဖြစ်ပါတယ်။

(၇) ထီးလိုမင်းလိုဘုရား

ထီးလိုမင်းလိုဘုရားဟာ ရှေးဟောင်းပုဂံမြို့ ရဲ့ အရှေ့တောင်ဘက်၊ ပုဂံ-ညောင်ဦး ကား လမ်းမပေါ်တွင် တည်ရှိပြီး (၁၃) ရာစုတွင် နားတောင်းများ ဘုရင် တည်ထားတော်မူခဲ့ခြင်းဖြစ်ပါတယ်။ ပုဂံမြို့ရဲ့ အကြီးဆုံးနှင့် သပ္ပာယ်ဖွယ် အကောင်းဆုံး ဘုရားများထဲတွင် တစ်ဆူအပါအဝင် ဖြစ်ပါတယ် ။ ဉာဏ်တော်အားဖြင့်လည်း(၄၆) မီတာခန့်ရှိပြီး လာရောက်လည်ပတ်သူများအနေဖြင့် အပြင်ဘက်နံရံများပေါ်တွင် လှပသော ပုဂံခေတ်လက်ရာ ဘီလူးပန်းဆွဲ အင်္ဂတေလက်ရာများအား လေ့လာကြည့်ရှုနိုင်ပါတယ်။

(၈) မနူဟာဘုရား

သမိုင်းဝင်မြင်းကမ္ဘာရွာတွင်တည်ရှိပြီး ၁၀၆၇ အေဒီတွင် နန်းကျဉ်းကျခဲ့သော မွန်ဘုရင်မနူဟာတည်ထားကိုးကွယ်ခဲ့ပါတယ်
နှစ်ထပ်ပုံ လိုဏ်ဂူစေတီတော်ဖြစ်ပြီး ရှေ့ဘက် လိုဏ်ဘက်တွင် တင်ပျဉ်ခွေ တစ်ဆူနှင့် ဘေးတစ်ဘက်တစ်ချက်တွင် အရန်ဆင်းတုတော် တစ်ဆူစီ လိုဏ်ဂူပြည့်လုနီးပါး တည်ဆောက်ကိုးကွယ်ထားသည်ကို တွေ့ရှိရပါတယ် မနူဟာစေတီပုထိုးတော်ကြီး၏ အနောက်ဘက် လိုဏ်ဘက်တွင် မြတ်စွာဘုရား ပရိနိဗ္ဗာန်ပြုဟန် လျောင်းတော်မူ ဆင်းတုတော်ကြီး တစ်ဆူ ရှိသည်ကို လေ့လာတွေ့ရှိနိုင်ပါတယ်

(၉) ရွှေဆံတော်ဘုရား

အေဒီ ၁၀၅၇ ခုနှစ်မှာ အနော်ရထာမင်းကြီး တည်ထားကိုးကွယ်ခဲ့တဲ့ စေတီတစ်ဆူဖြစ်ပါတယ် ပစ္စယံ ငါးဆင့် ရှိပြီး အရင်က Sunset & Sunrise ကြည့်ရန် အလှဆုံးနေရာတစ်ခု လည်းဖြစ်ခဲ့ပါတယ် ၂၀၁၆ ငလျင် နောက်ပိုင်းကနေ စပြီး စေတီတော်ပေါ် တက်ရောက် ကြည့်ရှုခွင့်ကို ပိတ်ထားခဲ့တာဖြစ်ပါတယ်

(၁၀) မြင်းကမ္ဘာဂူပြောက်ကြီးဘုရား

အေဒီ (၁၁၁၃) ခုနှစ်တွင် ကျန်စစ်သားမင်းကြီး၏ သားတော် ၊ ရာဇကုမာရ်မင်းသားမှ တည်ထားကိုးကွယ်တော်မူခဲ့ခြင်းဖြစ်ပြီး မြင်းကမ္ဘာရွာ၏မြောက် ဘက်တွင် တည်ရှိပါတယ် စေတီပုထိုးတော်အတွင်းရှိ လှပသော နံရံဆေးရေးပန်းချီလက်ရာများကြောင့် အထူးကျော်ကြားပြီး အိန္ဒိယနှင့် မွန် ယဉ်ကျေးမှုလက်ရာ ပုံစံနှစ်မျိုး ရောယှက် လွှမ်းမိုးနေသည်ကို တွေ့ရှိနိုင်ပါတယ် နံရံဆေးရေးပန်းချီလက်ရာများတွင် မြတ်စွာဘုရား၏ ဘဝဖြစ်တော်စဉ်များအကြောင်း ဖော်ပြထားသော ဇာတ်တော်ကြီး (၅၅၀) သရုပ်ပြ ပန်းချီများမှာလည်း လေ့လာတွေ့ရှိနိုင်ရန် သွားရောက်လည်ပတ်သင့်သော ဘုရားတစ်ဆူဖြစ်ပါတယ် 😇

မိတ်ဆွေရော ဒီနေရာတွေအားလုံးလည်ပတ်ပြီးပြီလား၊ မလည်ရသေးရင်လည်း ဘယ်နေရာတွေသွားချင်သေးလဲဆိုတာ comment မှာ မှတ်ချက်လေးပေးခဲ့ပါနော်

TarTay

error: